PayZillion LogoPayZillion
Back to Articles
•Aung Thu Htet

Open Loop နဲ့ Closed Loop ငွေပေးချေမှုစနစ်တွေအကြောင်း

#payments

Open Loop Payment Model ကတော့ ပါဝင်သူ (Stakeholder) တွေ အများကြီးနဲ့ ချိတ်ဆက်ထားတဲ့ စနစ်ပုံစံ ဖြစ်ပါတယ်။ ဒီမော်ဒယ်မှာ ငွေပေးချေမှုကို ဘဏ်တွေ၊ ငွေပေးချေမှု ကွန်ရက်တွေ၊ ဆိုင်တွေ၊ ဝန်ဆောင်မှုပေးသူတွေ အများကြီးကြား လုပ်ဆောင်နိုင်ပါတယ်။ ဒီစနစ်ရဲ့ အဓိက အားသာချက်က နေရာအများစုမှာ တွေ့ရ၊ အသုံးပြုလို့ရတာပါ။ ဥပမာအနေနဲ့ Visa နဲ့ Mastercard လို ကဒ်ကွန်ရက်တွေက Open Loop payment model အမျိုးအစားဖြစ်ပါတယ်။ ဒီလို payment model အသုံးပြုထားတဲ့ စနစ်တွေက ကမ္ဘာတစ်ဝှမ်းက ဆိုင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ငွေပေးချေလို့ရအောင် ချိတ်ဆက်ပေးထားပြီး ဘဏ်မတူညီတဲ့ စနစ်တွေကြား ငွေပေးချေမှု၊ လွှဲပြောင်းမှုကို လုပ်ဆောင်ပေးပါတယ်။

Open Loop and Closed Loop Payments

Closed Loop Payment Model ကတော့ ငွေပေးချေမှုနဲ့ ဝန်ဆောင်မှုတွေကို တစ်ခုတည်းသော ဝန်ဆောင်မှုပေးသူရဲ့ ကွန်ရက်စနစ်ထဲမှာပဲ လုပ်ဆောင်ပြီး ပြင်ပက အဖွဲ့အစည်းတွေ၊ စနစ်တွေနဲ့ ချိတ်ဆက်မထားပါဘူး။ ဒီစနစ်ရဲ့ အားသာချက်က ရိုးရှင်းပြီး မြန်ဆန်မှုရှိတာပါ။ ဥပမာအနေနဲ့ နိုင်ငံတကာမှာဆို Starbucks မှာ mobile app ထဲကြိုတင်‌ငွေဖြည့်ထားပြီး အသုံးပြုတာမျိုးနဲ့ မြန်မာပြည်မှာဆို closed loop ပုံစံနဲ့ နီးနီးစပ်စပ် သဘောတရားတူပြီး လူအများသိတာဆိုရင် City Mart Supermarket တွေမှာ အသုံးပြုတဲ့ City Rewards point လို အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ စနစ်ထဲမှာ အကောင့်ဖွင့်ထားသူတွေပဲ အသုံးပြုနိုင်ပြီး အခြား ပြင်ပစနစ်တွေနဲ့ ချိတ်ဆက်မထားပါဘူး။ သတ်မှတ်ထားတဲ့ သူ့ရဲ့ closed loop စနစ်ထဲ မှာပဲ အသုံးပြုလို့ရပါတယ်။

Open loop ပုံစံနဲ့ ရပ်တည်တဲ့ payment system တွေဟာ လူအများအသုံးပြုနိုင်ဖို့ကို ဦးတည်ပါတယ်။ ပါဝင်သူ stakeholder တွေ၊ စနစ် (System) တွေ အများကြီးနဲ  ချိတ်ဆက်လုပ်ဆောင်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ လူအများကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ အပြောင်းအလဲတစ်ခုခု ပြုလုပ်ရတဲ့ အခါတွေမှာ ချိတ်ဆက်ထားတဲ့ ပါဝင်သူ (End-party) တွေများတာမို့ ပြောင်းလွယ် ပြင်လွယ်မဖြစ်ဘဲ စနစ်လည်ပတ်မှုအပေါ် ထိခိုက်မှုမဖြစ်အောင် စနစ်တကျ ထိန်းချုပ်ကြရပါတယ်။ Closed Loop ပုံစံနဲ့ ရပ်တည်နေတဲ့ payment system တွေကတော့ ပါဝင်သူ stakeholder တွေ အများကြီး မရှိဘဲ ကိုယ်ပိုင်ကွန်ရက်နဲ့ စနစ်ထဲမှာပဲ ငွေပေးချေမှုကို လုပ်ဆောင်စေပါတယ်။ အကျိုးကျေးဇူးအနေနဲ့ စနစ်ကို လိုအပ်သလို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ရိုးရှင်းတာပါပဲ။ အားနည်းချက် အနေနဲ့ကတော့ ဒီစနစ်ဟာ open loop စနစ်တွေလို လူအများကြား ကျယ်ကျယ်ပြန့်ပြန် အသုံးပြုဖို့ထက် သတ်မှတ်ထားတဲ့ လူအုပ်စုနဲ့ အသင်းအဖွဲ့တွေ အတွက်ပဲ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။