PayZillion LogoPayZillion
Back to Articles
•Aung Thu Htet

Payment Security အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ဒီကဒ်တွေရဲ့ အချက်အလက်တွေ ပေါက်ကြားတာ၊ ခိုးယူခံရတာမျိုး ဖြစ်လာနိုင်တာမို့ လုံခြုံရေးက အဓိက စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ ငွေပေးချေမှု လုံခြုံရေးအကြောင်းနဲ့ ကဒ်အချက်အလက်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာကို ပြောပြပေးပါမယ်။

Card Payments Security Awareness

ငွေပေးချေမှု လုံခြုံရေး (Payment Security) ဆိုတာ ကဒ်ကိုင်ဆောင်သူရဲ့ အချက်အလက် (ကဒ်နံပါတ်၊ CVV၊ PIN စတဲ့ ဒေတာ) တွေ ခိုးယူမှု၊ လိမ်လည်မှု (Scam)နဲ့ အလွဲသုံးမှု (Fraud) တွေကနေ ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ နည်းပညာပိုင်း နည်းစနစ်ပိုင်းတွေ၊ ဘဏ်တွေရဲ့ မူဝါဒတွေ၊ သုံးစွဲသူတွေရဲ့ သတိထားမှုတွေနဲ့ ပေါင်းစပ်ကာကွယ်ရပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ကာကွယ်မှုတွေအနေနဲ့ Magnetic Stripe မသုံးဘဲ EMV Chip ကိုပဲ အသုံးပြုတာ၊ ကဒ်နံပါတ်အစား Tokenization နည်းနဲ့ အစားထိုးပြီး ငွေပေးချေမှုလုပ်ဆောင်တာ၊ အွန်လိုင်းငွေပေးချေမှုတွေအတွက် 3D Secure နည်းပညာကိုပဲ အသုံးပြုတာ၊ အချက်အလက်ဒေတာတွေကို အလွယ်တကူ ဖတ်လို့မရအောင် Encryption နည်းပညာနဲ့ ကာကွယ်ပေးတာ၊ PCI DSS ရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ compliance ဖြစ်အောင် အမြဲတမ်းလိုက်နာဆောင်ရွက်တာ အစရှိသဖြင့် ပါဝင်ပါတယ်။

သုံးစွဲသူ (Cardholder) တွေ ဘက်က ကာကွယ်နည်းတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ PIN နဲ့ CVV ကို လျှို့ဝှက်ထားရပါမယ်။ PIN နဲ့ CVV ကုဒ်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ PIN နံပါတ်ကို ကဒ်ပေါ်မှာဖြစ်စေ တစ်နေရာမှာဖြစ်စေ ရေးမှတ်မထားပါနဲ့။ ပြီးတော့ ကဒ်ဖြင့် ငွေ‌ပေးချေတာကို ယုံကြည်စိတ်ချရတဲ့ နေရာတွေမှာပဲ အသုံးပြုပါ။ ဆိုင်တွေမှာ ကဒ်သုံးတဲ့အါ POS စက်က ယုံကြည်ရတဲ့နေရာ ဟုတ်မဟုတ် ဂရုစိုက်ပါ။ အွန်လိုင်းမှာ ငွေချေတဲ့အခါ ဝဘ်ဆိုဒ်လိပ်စာ (Website Address) မှာ HTTPS နဲ့ စတဲ့ ဝက်ဘ်ဆိုက်တွေမှာပဲ ငွေပေးချေပါ။ HTTPS မဖြစ်ဘဲ HTTP နဲ့ စတဲ့ ဝဘ်ဆိုဒ်တွေမှာ လုံးဝ အသုံးမပြုသင့်ပါ။

နောက်ပြီး အွန်လိုင်းမှာ စျေးဝယ်ဖို့ သီးသန့်ပဲ ကဒ်ကိုလိုအပ်တာဆိုရင် physical ပလတ်စတစ်ကဒ်တွေအစား Virtual Card ကို စဉ်းစားပါ။ ပြီးတော့ အကောင့်ကို ပုံမှန်စစ်ဆေးပါ။ ဘဏ်ရဲ့ မိုဘိုင်း App ဒါမှမဟုတ် SMS အသိပေးချက်နဲ့ bank transaction statement ၊ credit card statement တွေ ကနေ သင့်အကောင့်မှာ ထူးထူးဆန်းဆန်း ငွေပေးချေမှု ရှိမရှိ ပုံမှန်စစ်ဆေးပါ။ တစ်ခုခုပုံမှန်မဟုတ်တာ တွေ့ရရင် ဘဏ်ကို ချက်ချင်း အကြောင်းကြားပါ။

Phishing နဲ့ social engineering တွေကိုလည်း သတိထားရပါမယ်။ Phishing ဆိုတာ အစစ်အမှန်လို့ထင်ရတဲ့ အချက်အလက်တွေကိုပြောပြီး သို့မဟုတ် ပြပေးပြီး ကိုယ့်ကို ယုံကြည်လာအောင်လုပ်ပြီးတော့မှ အရေးကြီးတဲ့ အချက်အလက်တွေ လိမ်ပြီးတောင်းယူတာမျိုးကို ပြောတာပါ။ အီးမေးလ်၊ ဖုန်းကနေ ကဒ်အချက်အလက် တောင်းတဲ့ လိမ်လည်မှုမျိုးတွေကို သတိထားပါ။ ကိုယ့်ရဲ့ ကဒ်နံပတ်အပြည့်အစုံနဲ့ Expiry Date ၊ CVV ၊ PIN နဲ့ OTP လိုအရာမျိုးတွေကို အခြားသူတွေကို မပြောရ မပြရပါဘူး။

ဒီလောက်ဆိုရင်တော့ card payment ကို အသုံးပြုတဲ့အခါ လုံခြုံမှုရှိစေဖို့ စိတ်ချရဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိသွားလောက်ပါပြီ။ ကာကွယ်မှုဆိုရာမှာ ကဒ်ထုတ်ဝေသူ (Issuer) တွေရော၊ ကဒ်လက်ခံသူ (Acquirer) တွေရော၊ ငွေပေးချေမှုလက်ခံသူ (Merchant) တွေရော၊ ကဒ်အသုံးပြုသူ (Cardholder) တွေရော၊ ငွေပေးချေမှုမှာ ပါဝင်ပတ်သတ်ရသူအားလုံးက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ သတိထားရမှာတွေကို လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ အဲ့ဒါမှပဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မှာပါ။ ကြိုတင်ကာကွယ်တာက ဖြစ်လာမှ ဖြေရှင်းရတာထက် အမြဲတမ်းပိုကောင်းပါတယ်။