PayZillion LogoPayZillion
Back to Articles
•Aung Thu Htet

Credit Card ဒီလိုလျှောက်ပါ

အကြွေးဝယ်ကဒ် (Credit Card) လျှောက်ထားမယ်ဆိုရင် သိထားရမှာက credit card သည် ချေးငွေ (Loan) အမျိုးအစားဖြစ်တာကြောင့် ပုံမှန် ဘဏ်ကတ် (Debit Card) တွေလို ချက်ချင်း မရပါဘူး။ ဘဏ်ကို ကတ်လျှောက်ပြီးတဲ့နောက် ဘဏ်က လိုအပ်တာတွေ စစ်ဆေးပြီးမှသာ ထုတ်ပေးမှာဖြစ်လို့ ကတ်လျှောက်ထားပြီး တစ်ပတ်ကနေ တစ်လလောက်အထိ စောင့်ဖို့ လိုအပ်နိုင်ပါတယ်။

အဲ့ဒီတော့ ကတ်လျှောက်ထားမယ်ဆိုရင် ပထမဆုံး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါမယ်။ ကိုယ်က ဝန်ထမ်းဆိုရင် Passport ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ထောက်ခံစာ၊ လစာဖြတ်ပိုင်း၊ Bank Statement အစရှိတာတွေ လိုအပ်တတ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများဆိုရင် Passport ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ Bank Statement၊ လုပ်ငန်းလိုင်စင်၊ လုပ်ငန်းဝင်ငွေအထောက်အထား အစရှိတာတွေ လိုအပ်တတ်ပါတယ်။ မိမိကို ထောက်ခံပေးမယ့် အာမခံပေးသူ (Guarantor) လည်း လိုအပ်မှာဖြစ်ပြီး ထောက်ခံပေးသူရဲ့ ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ဝင်ငွေအထောက်အထား အစရှိတာတွေလည်း လိုအပ်နိုင်ပါတယ်။ ဒီနေရာမှာ ဘဏ်နဲ့ ကိုယ်နဲ့ ပတ်သတ်မှု (Relationship) ပေါ်မူတည်ပြီး အထောက်အထား ကင်းလွတ်ခွင့်တွေ၊ အာမခံပေးသူ ကင်းလွတ်ခွင့်တွေ ရတတ်ပါတယ်။ ကိုယ်လျှောက်ထားမယ့် ဘဏ်အပေါ်မူတည်ပြီး စာရွက်စာတမ်းတွေ ပိုပြီး လိုအပ်တာမျိုးလည်း ရှိနိုင်သလို၊ ဖော်ပြထားသလောက် မလိုအပ်တာမျိုးလည်းရှိနိုင်ပါတယ်။ အကယ်၍ ကိုယ်က ဝင်ငွေဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ အထောက်အထားတွေလည်း ဘဏ်ကို မပေးချင်ဘူး သို့မဟုတ် ပေးဖို့အဆင်မပြေဘူးဆိုရင်တော့ ဘဏ်စုငွေတစ်ခုထည့်ထားရပြီး အဲ့ဒီစုငွေပမာဏအပေါ်မှာ အကြွေးသုံးစွဲခွင့် (Credit Limit) သတ်မှတ်ပေးတဲ့ Secured Credit Card ကို လျှောက်ထားသင့်ပါတယ်။

လျှောက်ထားတဲ့အခါမှာ မိမိလျှောက်ထားမယ့် ဘဏ်ပေါ်မူတည်ပြီး အင်တာနက်ပေါ်က လျှောက်ထားလို့ရတာဖြစ်နိုင်သလို၊ သက်ဆိုင်ရာဘဏ်မှာ လူကိုယ်တိုင်သွားပြီး လျှောက်ထားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘဏ်က သတ်မှတ်ထားတဲ့ လျှောက်လွှာဖောင်ကို ဖြည့်ပေးရမှာဖြစ်ပြီး၊ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို တင်ပြပေးရမှာဖြစ်ပါတယ်။

လျှောက်လွှာတင်ပြီးသွားရင်တော့ ဘဏ်က တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ အချိန်ယူပြီး စစ်ဆေးပါတယ်။ ဒီကာလအတွင်းမှာ သက်ဆိုင်ရာ ဘဏ်ကဝန်ထမ်းတွေက ကိုယ့်ဆီနဲ့ ကိုယ်အလုပ်လုပ်တဲ့ ကုမ္ပဏီဆီ၊ ထောက်ခံပေးထားတဲ့ အာမခံပေးသူ (Guarantor)ဆီကို ဖုန်းဆက်ပြီး အချက်အလက်အတည်ပြုတာ၊ လိုအပ်တာတွေ မေးမြန်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ပြီးတော့ ဘဏ်မှာ ချေးငွေရယူဖူးသလား၊ ပုံမှန်ပြန်ဆပ်တတ်တဲ့ အကျင့်ရှိသလား၊ အခြားဘဏ် သို့မဟုတ် ချေးငွေလုပ်ငန်းတွေကနေရော  ချေးငွေရယူဖူးသလား၊၊ credit history ကောင်းရှိရဲ့လား အစရှိတာတွေကို ဘဏ်မှာရှိတဲ့အချက်အလက်တွေနဲ့ရော၊ Credit Bureau မှာရှိတဲ့ အချက်အလက်တွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးပါလိမ့်မယ်။ လိုအပ်တာတွေအားလုံး အတည်ပြုပြီးရင်တော့ ကတ်ထုတ်ပေးမယ်၊ မထုတ်ပေးဘူး၊ အကြွေးသုံးစွဲခွင့်ပမာဏ (Credit Limit) ဘယ်လောက်ပေးမလဲ အစရှိသဖြင့် ဆုံးဖြတ်ချက်တွေချပါတယ်။

အဲ့ဒီနောက်မှာတော့ credit card ကို ထုတ်ပေးမှာဖြစ်ပြီး ဘဏ်ကနေ ကိုယ့်ဆီကို ပို့ပေးတာမျိုးရှိသလို၊ ကိုယ်တိုင်သွားယူရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကတ်ရတဲ့အခါ ဘဏ်က ဖုန်းဆက်ပြီးဖြစ်စေ၊ SMS၊ email ကနေဖြစ်စေ တစ်နည်းနည်းနဲ့ ဆက်သွယ်ပြီး အကြာင်းကြားပေးပါလိမ့်မယ်။ မြန်မာပြည်က ဘဏ်တွေမှာတော့ ကိုယ်တိုင်ဘဏ်မှာ သွားထုတ်ရတာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။ ကဒ်ရပြီးတဲ့အခါ ဘဏ်မှာတစ်ခါတည်းဖြစ်စေ၊ ဘဏ်ရဲ့ call center၊ card center တွေကို ဖုန်းဆက်ပြီးဖြစ်စေ ကတ်ကို activate လုပ်ခိုင်းဖို့ လိုအပ်တတ်ပါတယ်။ ကတ်လျှောက်ထားသူလက်ထဲ ကတ်မရောက်ခင် အခြားသူများ ခိုးယူသုံးစွဲမလို့ မရအောင် လျှောက်ထားသူလက်ထဲ ကတ်ရောက်တော့မှ activation လုပ်ပေးတတ်ကြတာမို့ပါ။

အဲ့ဒီနောက်မှာတော့ ကိုယ်ကတ်လျှောက်ထားတဲ့ဘဏ်ရဲ့ နီးစပ်ရာ ATM မှာဖြစ်စေ၊ Online banking app ကနေဖြစ်စေ ကတ်အတွက် PIN တစ်ခု သတ်မှတ်ပေးဖို့လို့ပါတယ်။ ကတ်ရတဲ့အခါမှာတုန်းက PIN ပါ တစ်ခါတည်း ရထားတယ်ဆိုရင်လည်း PIN အသစ် ပြောင်းပေးရပါမယ်။ ကတ်ကိုလည်း activate လုပ်ပြီးပြီ၊ PIN အသစ်လည်း သတ်မှတ်ပြီးပြီဆိုရင်တော့ စတင်အသုံးပြုလို့ရပါပြီ။ များသောအားဖြင့် ကတ်လျှောက်ထားသူတွေ ဖြစ်တတ်တာကတော့ ကတ်ကို activate လုပ်ဖို့ ဘဏ်ကို မဆက်သွယ်ဘဲ ငွေပေးချေမိတာတာနဲ့ activate လုပ်ပြီးသော်လည်း PIN အသစ် မသတ်မှတ်ပဲ သုံးဖို့ ကြိုးစားမိတာ ဖြစ်ပါတယ်။ သတိထားသင့်ပါတယ်။ ငွေချေဖို့ စျေးဆိုင်ကောင်တာ ရောက်တဲ့အခါကျမှ ငွေသားကလည်း ပါမလာဘူး၊ ကတ်ကလည်း သုံးမရဘူးဆိုရင် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရမယ်မို့လား။ ဒီလောက်ဆိုရင်တော့ credit card လျှောက်ထားတဲ့အခါမှာ လိုအပ်တဲ့အချက်အလက်တွေ၊ လျှောက်ထားရတဲ့ အဆင့်တွေနဲ့၊ ကတ်ရတဲ့အခါမှာ သတိထားရမယ့် အချက်တွေကို သိသွားလောက်ပါပြီ။ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။